သြ၀ါဒကထာ ဟု စားသားအရ ခေါင်စဉ်အဖြစ် ရေးသားထားရသော်လည်း အမှန်တော့ မိမိ၏ ဉာဏ်စွမ်းရှိသလောက် အသိအမြင်များကိုသာ မျှဝေခံစားစေခြင်းပင် ဖြစ်သည်။ မိမိ ပြောကြားလိုသော စကားများသည် များစွာ ရှိသော်လည်း အများသူငှာ အတွက် အကျိုးများလိမ့်မည်ဟု စဉ်းစား ယူဆမိကာ မကျဉ်း မကျယ်သော လောကီ၊ လောကုတ္တရာ စာသား အသုံးအနှုန်းများဖြင့် မျှဝေပေးလိုက်ပါသည်။
ဤသြ၀ါဒကထာကို ကဏ္ဍအလိုက် လေးလေးနက်နက် ဖတ်ရှုခြင်းဖြင့် အဖွဲ့အတွက် သော်လည်းကောင်း၊ ကိုယ်ပိုင်တစ်ဦးချင်း အတွက် သော်လည်းကောင်း အသိအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ တစ်စုံတစ်ဦးမျှပင် ရရှိသွားခဲ့မည် ဆိုလျှင် ရေးရကျိုးနပ်သည်၊ မျှဝေရကျိုးနပ်သည် ဟု မိမိကိုယ်ကို ကြည်နူး ပီတိဖြစ်မိပါသည်။
အဖွဲ့အတွက် ငွေအား၊ လူအား၊ အချိန်အား၊ စွမ်းအား စသည်စသည်တို့ကို ပေးဆပ်ခြင်းဖြင့် သာသနာတော်အတွက် ကူညီဆောင်ရွက်ပေးနေကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့ဝင်များ အားလုံးကိုလည်း သာသနာတော်၏ ကိုယ်စား မိမိမှ ကျေးဇူးဥပကာရ ပမာဏ ကြီးမားစွာ တင်ထိုက်ပါကြောင်း ရှေးဦးပဏာမ နှုတ်ခွန်းဆက် စကားခြွေလိုပါသည်။
ဒီတစ်နှစ်သည် လာမည့်နှစ်များ အတွက်
မိမိတို့ ပရဟိတအဖွဲ့သည် ယခု ၂၀၁၂ ဒီဇင်ဘာ ရောက်လျှင် တစ်နှစ်တင်းတင်း ပြည့်ပြီး ဖြစ်ပါသည်။ တစ်နှစ်သား အရွယ်ဖြစ်လာပြီ ဖြစ်သော မိမိတို့၏ အဖွဲ့ဝင် ပြည်တွင်း၊ ပြည်ပ အလှူရှင် အင်အားသည်လည်း စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကာလနှင့် နှိုင်းယှဉ်လျှင် တစ်စ တစ်စ တိုးပွားလာခဲ့ပါသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် အများသူငှာ အပေါ်တွင် သနားညှာတာ၊ ကူညီတတ်သော ဗုဒ္ဓဘာသာဝင်တို့၏ စေတနာ သဒ္ဓါအားသည် မနည်းခြင်း ဖြစ်သည်မှာ မငြင်းနိုင်ပေ။
မိမိတို့အဖွဲ့သည် ကျစ်လစ်ခိုင်မာစွာ ရေရှည်ရပ်တည်ပြီး ပညာရေးနှင့် သက်ဆိုင်သော ပရဟိတလုပ်ငန်းများဖြင့် သာသနာ့ အကျိုးများစွာကို တတ်စွမ်းရာမှ ဖြည့်ဆည်းပေးနေပါသည်။ ယင်းကဲ့သို့ ဖြည့်ဆည်းပေးနေနိုင်ခြင်းမှာလည်း တစ်ဦးတစ်ယောက်၏ စွမ်းရည် ကောင်းခြင်းကြောင့် စဉ်းစဉ်းမျှ မဟုတ်ပေ။
တစ်ဦးချင်းစီ၏ အင်အားများကို စုစည်းပြီး အားလုံး၏ စွမ်းရည်ကြောင့်ပင် ဖြစ်သည်ဟု ယုံမှားသံသယ ရှိမည် မဟုတ်ချေ။
လူများစွာ၏ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေးများစွာကို စွမ်းအားမြှင့်ထုတ်သုံးလျှက် သာသနာတော်၏ တိုးတက်ရာ တိုးတက်ကြောင်းများကိုလည်း တစ်နှစ်ပြီး တစ်နှစ် လုပ်ဆောင်ကြရမည်သာ ဖြစ်သည်။ ဆောင်ရွက်ခဲ့ပြီးသော အချိန်ကာလများ၏ လုပ်ဆောင်ချက်များတွင် အားသာချက်၊ အားနည်းချက်များ ရှိနေမည်မှာ မလွဲပေ။
ထိုအချက်များကိုလည်း ပြန်လည် စိစစ်သုံးသပ်ကြရင်း လာမည့်နှစ် များစွာအတွက် အမှားအယွင်း မရှိကြရလေအောင် ကြိုတင်စီမံ၍ အတူလက်တွဲ လျှောက်လှမ်းကြရမည်မှာ သဒ္ဓါတရား အသိစိတ် ရှိကြသူတိုင်း၏ တာဝန် ၀တ္တရားကြီး တစ်ရပ်အဖြစ် ခံယူထားကြရမည် ဖြစ်သည်။
မိမိတို့ အဖွဲ့အား ကောက်ရိုးမီး ကဲ့သို့ ၀ုန်းကနဲ ထတောက်ပြီး ၀ုန်းကနဲ ငြိမ်းသွားခြင်းအား မဖြစ်စေလိုပေ။ ကြည်လင်အေးချမ်းလှသော စိမ့်စမ်း ရေကြည်များ အမြဲမပြတ် ထာဝရ ချမ်းမြေ့တည်ငြိမ်စွာ တငြိမ့်ငြိမ့် တသွင်သွင် စီးဆင်းနေသော စမ်းချောင်းကလေး သကဲ့သို့ လူသားတို့ ကောင်းကျိုးအတွက် ထာဝစဉ် အမြဲတမ်း စွမ်းဆောင် ပေးနေစေလိုသည်။
ပထမဦးဆုံး ပုဂ္ဂိုလ်များမှ မျိုးစေ့ချ စိုက်ပျိုးခဲ့သော သစ်ပင်ကြီးသည် အနာဂတ် မျိုးဆက်များ အထိ အသီး အပွင့် အဖူး အငုံ အခက်အလက် စုံလင်စွာ ဆက်လက် ရှင်သန်နေဖို့ လိုအပ်သည်။
စည်းလုံးမှု၏ ပြယုဂ်
အဖွဲ့သည် တစ်နှစ်ပြည့်အောင် ရပ်တည်လာနိုင်ပြီး အဖွဲ့၏ ရည်ရွယ်ချက်အတိုင်း အလှူများကို လှူဒါန်းနိုင်ခဲ့သည်မှာ အဖွဲ့၏ စည်းလုံးညီညွတ်မှု ရှိသည်ကိုလည်း တစ်နည်းတဖုံ ကိုယ်စားပြု ဖော်ပြနေသည်။
ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ အဖွဲ့သို့ လှူဒါန်းကြသော အလှူတော်ငွေများ အားလုံး၏ ပိုင်ရှင်သည် သာသနာတော်ပင် ဖြစ်သည်။
အလှူရှင်များသည်လည်း သာသနာတော် အတွက်ပင် ရည်စူး၍ လှူဒါန်းနေကြခြင်းသာ ဖြစ်သည်။ မိမိတို့ အဖွဲ့မှ တာဝန်ရှိသူများသည် ထိုအလှူငွေများကို ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် ပေးနေကြပြီး သာသနာတော်အတွက် စီမံ၍ အလှူရှင်များ အားလုံး၏ ကိုယ်စား လိုအပ်သည့်နေရာများကို စည်းစည်းလုံးလုံးဖြင့် ညှိနှိုင်းတိုင်ပင်ကာ လှူဒါန်းပေးနေကြခြင်းသာ ဖြစ်သည်။
အဖွဲ့အစည်းတိုင်းတွင် အများအကျိုးအတွက် လုပ်ဆောင်ပေးရာ၌ စိတ်အနှောက်အယှက် ဖြစ်နိုင်စရာများ ပေါ်ပေါက်နိုင်ခြေရှိသော်လည်း မိမိတို့ အဖွဲ့သည် ပြဿနာ ကြီးကြီးမားမား တစ်စုံတရာမျှ မရှိခဲ့ချေ။ အားလုံး သူ့စွမ်းရာ၊ သူ့နိုင်ရာ၊ သူ့ပေးဆပ်နိုင်ရာ ကဏ္ဍအသီးသီး၊ တာဝန်အသီးသီး ယူထားကြသူချည်းသာ ဖြစ်သည်။
ပျော်ရွင်စရာ ကောင်းလှသော၊ အေးချမ်းလှသော မိသားစုအိမ်ကြီးသဖွယ် ညီအစ်ကို၊ မောင်နှမ အရင်းအချာများ ပမာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားချစ်ခင်ကြပြီး သာသနာတော် အတွက် ကိုယ်ပိုင် အသိစိတ်ဓာတ်များဖြင့် ထမ်းရွက်နေကြသည်သာ ဖြစ်သည့်အတွက် အနှစ်သာရလည်း ပြည့်ဝစွာ ရှိလှပေသည်။
ထိုထိုအကြောင်းအရာ တို့သည် စည်းလုံးမှု၏ ပြယုဂ် ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအတွက် မဟုတ်
မိမိတို့ ပရဟိတအဖွဲ့ လုပ်ဆောင်နေရာတွင် ပုဂ္ဂိုလ်ရေးအတွက် မဟုတ်ချေ။ သာသာနာရေး အတွက်သာလျှင် ဖြစ်သည်။
သို့အတွက်ကြောင့်ပင် အဖွဲ့၏ အလှူပွဲ ကျင်းပရာသို့ လိုက်ပါကြသော အဖွဲ့ဝင်များ၏ ကုန်ကျစရိတ်တို့အတွက် အဖွဲ့၏ အလှူငွေများမှ ထုတ်သုံးခြင်း လုံးဝ မပြုဘဲ ၄င်းတို့၏ ကိုယ်ပိုင်ငွေဖြင့်ပင် အကုန်ကျခံ လိုက်ပါစေပါသည်။
အဖွဲ့၏ အလှူငွေများသည် ရည်မှန်းထားသော ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ဘ/က ကျောင်းများသို့သာ ထိရောက်စွာ လှူဒါန်းခဲ့ပါသည်။
အဖွဲ့၏ တစ်နှစ် ပြည့်မြောက်သည့် ဒီဇင်ဘာလ (၂၀၁၂ ခုနှစ်) တက္ကသိုလ်ကျောင်းဖွင့် ရာသီတွင်လည်း ပညာသင်ဆုများ လှူဒါန်းရန် အစီအစဉ်များလည်း ရေးဆွဲထားပြီး ဖြစ်သည်။
မြန်မာပြည်တွင်းရှိ မည်သည့်နေရာတွင် မဆို လှူဒါန်းရန် လိုအပ်ချက် ရှိနေပါက အဖွဲ့၏ စည်းမျဉ်းစည်းကမ်း အတိုင်း မည်သူမဆိုမှ တင်ပြလာသော ဘ/က ကျောင်းများ အတွက် အဖွဲ့၏ တာဝန်ရှိသူများမှ တိုင်ပင်၍ ပုဂ္ဂိုလ်စွဲ ကင်းရှင်းစွာ လှူဒါန်းပေးပါသည်။
ယခင်တစ်ချိန်က မိမိကိုယ်တိုင် တွေ့ကြုံဖူးသည့် သာဓက တစ်ခု ရှိပေသည်။
ဘ/က ကျောင်း ဆရာတော်တစ်ပါးသည် စကား အပြောအဆို မချောမွေ့သဖြင့် ထိုကျောင်းအား မလှူရန် လူပုဂ္ဂိုလ်အချို့က မိမိအား လျှောက်ထားဖူးသည်။
မိမိက ပြန်လည် ဖြေရှင်းပေးခဲ့သည်မှာ ထိုဘ/က ကျောင်း ဆရာတော်ကို လှူဒါန်းခြင်း မဟုတ်၊ ဘ/က ကျောင်း ဆရာတော်မှ ဦးစီးထားသော သာသနာတော်အတွက် အနာဂတ် ကလေးများကို လှူဒါန်းခြင်းသာ ဖြစ်သည့်အတွက် လှူဒါန်းမည့် အလှူဒါန ကို တွန့်ဆုတ်နှောင့်နှေးရန် အကြောင်းမရှိ ဟူ၍ပင်။
ရည်ရွယ်ချက် တူလျှင်
ပရဟိတ လုပ်ဆောင်ကြရာတွင် ပုဂ္ဂိုလ် အရေးထက် သာသနာ့ အရေး ရည်ရွယ်ချက်ကိုသာ ဦးစားပေးရမည် ဖြစ်သည်။
မိမိတို့၏ မူရင်းပင်မ ပဋိသန္ဓေ စတည်ခဲ့သည့် ရည်ရွယ်ချက်သည် သာသနာ့ အရေးပင် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းတွင်မဆို အဖွဲ့၏ ရည်ရွယ်ချက်ကို ပီပြင်စွာ ရုပ်လုံးပေါ်လာနိုင်စေရန် အဖွဲ့ဝင်တိုင်းမှ ၀ိုင်းဝန်းထုဆစ် ကူညီ ပုံဖော်နေကြသည်သာချည်း ဖြစ်သည်။
လျှောက်လှမ်းနေကြသည့် လမ်းခရီးတွင်လည်း အခက်အခဲများ၊ ဆူးငြောက်ခလုတ်များကို အားလုံး ရင်ဆိုင်ဖြေရှင်းကြရင်း ညီညာချောမွေ့သော သာသနာ့ လမ်းခရီးအဖြစ် ရည်ရွယ်ချက်သို့ ရောက်အောင် ခရီးနှင်ကြရပေသည်။
မည်သူမျှ ဆိုးသော လမ်းကို ညွှန်ပြနေခြင်းမျိုး မဟုတ်ပေ။
ရည်ရွယ်ချက်တူညီနေသည့် အတွက် အဖွဲ့ဝင်တိုင်းတွင် ဖြစ်ပေါ်လာတတ်သည့် မတူညီသည့် သဘောထားများ ကိုလည်း အတတ်နိုင်ဆုံး တူညီအောင် ထိန်းညှိ လုပ်ဆောင်ကြရမည် ဖြစ်သည်။ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးရင်း အဖွဲ့၏ ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ဖို့သာ လိုရင်းပင် ဖြစ်သည်။
ဆန္ဒပြင်းပြခြင်းနှင့် ဆန္ဒစောခြင်း
အဖွဲ့အစည်းများတွင် ဖြစ်တတ်သည့် သဘော တစ်ခုသည် လူတိုင်း ဖြစ်ချင်သည့် ဆန္ဒများ စေတနာ လွန်ကဲစွာ ရှိနေတတ်ခြင်း ဖြစ်သည်။
ဆန္ဒပြင်းပြခြင်းသည် အလုပ်တစ်ခုကို ပီပြင်စွာ အားကျိုးမာန်တက် လုပ်ဆောင်ရန် အရှိန်မြှင့်ပေးသည်။
သို့သော် အထူး သတိထားရန် အချက်မှာကား ဆန္ဒစော တတ်ခြင်းပင် ဖြစ်သည်။
ဆန္ဒပြင်းပြခြင်းသည် အလုပ်အတွက် ကောင်းသော်လည်း ဆန္ဒစောခြင်းမှာမူ ဆုံးဖြတ်ချက် မှားယွင်းတတ်ပေသည်။
ထိုအချက်သည် အဖွဲ့ဝင်တိုင်း အတွက် အရေးကြီးသည့် အချက်ဖြစ်သည်။ လူတိုင်း လူတိုင်းသည် မိမိ ဖြစ်ချင်သော ဆန္ဒများအတွက် စေတနာလွန်ကဲပြီး ဆန္ဒစောသွားတတ်ကြသည်။
အလုပ် လုပ်ကိုင်ရာတွင် ကာလ၊ ဒေသတို့ကို စိစစ်သုံးသပ်ခြင်းဖြင့် အမှားအယွင်း မရှိရလေအောင် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရပေသည်။
အဖွဲ့ဝင်တိုင်းတွင် ပြင်းပြသောဆန္ဒ၊ ပြင်းပြသော စိတ်ဓာတ်အား ထားရှိရမည် မှန်သော်လည်း ဆန္ဒစောခြင်းကိုမူကား သတိနှင့်ယှဉ်၍ ထိန်းကွပ် လုပ်ကိုင်ကြရမည် ဖြစ်ပါသည်။
ထားရသည့် စိတ်ထား
လူတို့၏ စိတ်သဘာဝမှာ ဖြစ်တတ်သည် သဘောအတိုင်း ပုဂ္ဂိုလ်ရေးအရအားဖြင့် တစ်ဦးနှင့် တစ်ဦး တစ်ခါတရံ သဘောထားချင်း မတိုက်ဆိုင်မှု၊ အယူအဆချင်း မတူညီမှု၊ ဖြစ်စေလိုသည့် ဆန္ဒ ကွဲလွဲမှု စသည့် အကြောင်းအရာ ကိစ္စရပ်များ ရှိတတ်ကြပေသည်။
“ငါ့စိတ်နှင့် မတူ ငါ့ရန်သူ” ဟူ၍ကား လုပ်၍ မရပေ။
ဤကဲ့သို့ စိတ်ထားသာ ထားလိုက်လျှင် တစ်လောကလုံးတွင် ငါ၏ ရန်သူများသာ ဖြစ်ချေကုန်လိမ့်မည်။ ထိုထိုပုဂ္ဂိုလ်ဖြစ်သော ငါသည် လူ့လောကတွင် မည်သူနှင့်မျှ ပေါင်းဖော်၍ ရနိုင်တော့မည် မဟုတ်ချေ။ မိမိကိုယ်ကိုယ်တိုင် တစ်ဦးတည်း၌ ရှိနေစဉ်ပင်လျှင် စိတ်သဘောထားချင်း တိုက်ဆိုင်ချင်မှ တတ်ဆိုင်တတ်သည်။
မိမိကိုယ်ပိုင် အတွင်း သန္တာန် အဇ္ဈတ္တ၌ ရှိနေသော စိတ်အချင်းချင်းပင်လျှင် အဆင်မပြေတတ်ပေ။ သူတစ်ပါးနှင့် လုံးဝဥဿုံ တူနေဖို့ရန်ကား လွယ်ကူသည့်အရာတော့ ဖြစ်မည် မဟုတ်နိုင်ပေ။
အဖွဲ့တွင် ရှိသော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆန္ဒ သဘောထား ကိုက်ညီမှု မရှိ၊ အဆင်မပြေသဖြင့် ဤအဖွဲ့သည် ငါနှင့် မဆိုင်ဟု လျစ်လျူရှုခြင်း မဖြစ်သင့်ပေ။ အဖွဲ့၏ လုပ်ငန်းစဉ်သည် သာသနာတော် အတွက်သာလျှင် ဖြစ်သည်။ ပုဂ္ဂလအတွက် ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့် သဘောထားကို မြင့်နိုင်သမျှ မြှင့်ထားရမည် ဖြစ်သည်။
အမှားမကင်းကြသည့် ပုထုဇဉ်တို့အားလျှော်စွာ တစ်ခါတရံ သဘောထား သေးသိမ်တတ်ကြသော်လည်း သဘောထား သေးသိမ်သည့် အလုပ်သည် လူစွမ်းကောင်းတို့၏ အလုပ်မဟုတ်ချေ။
သို့အတွက် ပရဟိတအလုပ် လုပ်ကိုင်နေသူ ပုဂ္ဂိုလ်တို့သည် အချင်းချင်း စိတ်သဘောထား ကြီးကြီး ထားနိုင်ရန် အထူးလိုအပ်လှပေသည်။
ပျော့ပျောင်းညှင်သာ နူးညံ့သည့် စိတ်သဘောထားသည် အဖွဲ့အစည်းတိုင်းတွင် အကူအညီ အထောက်အပံ့ များစွာ ဖြစ်လေသည်။
မာနသည် အန္တရာယ်
မည်သူကဖြင့် ငါ့လောက် မတော်၊ ငါ့လောက် မတတ်ဟု မာန်မာန မထားခြင်းသည်လည်း အဖွဲ့၏ စည်းလုံး ညီညွတ်မှုကို ပို၍ ခိုင်မာစေသည့် အကြောင်း တစ်ရပ်ပင်ဖြစ်သည်။
လူသားများတွင် မာန အားကြီးလာလျှင် သူတစ်ပါးအပေါ်ကို အနိုင်လိုချင်လာသည်။ ကိုယ်သာ အသာစီး ရချင်သည်။ ကိုယ်သာ နာမည်လိုချင်သည်။ သူတစ်ပါးကို ရိုသေလေးစားစွာ ဆက်ဆံနိုင်မှု မရှိဘဲ နှိမ်ချ နိမ့်စေပြီး အထင်သေးလာသည်။ မာနသည် အားကြီးလာလျှင် မောက်မာတတ်သည့် စိတ်သဘောရှိလေသည်။
အဖွဲ့အစည်း တစ်ခုတွင် မာနအားကြီး လာခြင်းသည်လည်း အဖွဲ့၏ စည်းလုံးညီညွတ်မှု ပြိုကွဲခြင်း၏ လမ်းစ ဖြစ်လေသည်။ အဖွဲ့ကို ပျက်စီးစေလေတော့သည်။
မာန လျှော့ချခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်အ၀ ရရှိပြီး သူ့အမြင်၊ ကိုယ့်အမြင်ကို သဘောထား ကြီးကြီးဖြင့် အတူယှဉ်တွဲ နေထိုင်သွားနိုင်ရမည်။ ငါသာ အသိ၊ ငါသာ အတတ် ဟူသော မာန စိတ်ထားကို စွန်လွှတ်ပြီး တစ်ပါးသူ၏ ထင်မြင်ယူဆချက်ကိုလည်း နားလည်ပေးနိုင်စွမ်း ရှိရမည်။
ငါ့ကြောင့်သာ အဖွဲ့အောင်မြင်တာ၊ ငါလုပ်မှ အဖွဲ့က ဖြစ်တာ ဆိုသည့် မာန စိတ်ထား အမြင်မျိုးသည် စင်စစ် ပရဟိတပုဂ္ဂိုလ်များနှင့် လားလားမျှ မသက်ဆိုင်ပေ။ ငါသိ၊ ငါတတ်သည်ဟု ၀င့်ကြွားနေရမည် မဟုတ်၊ မိမိသိသော၊ မိမိတတ်သော အကြောင်းအရာ များကိုသာလျှင် မိမိသိသလို သူတစ်ပါးအား သိစေလိုသော စစ်မှန်သော စေတနာကောင်းဖြင့် မျှဝေပေးရမည်သာ ဖြစ်သည်။
အဖွဲ့တွင် အလုပ်လုပ်ရာတွင် ငါပါမှ ရမည်၊ ငါမပါရင် မပြီး ဟု စိတ်ထဲတွင်ထားပြီး ကူညီပေးရမည် ဖြစ်သော်လည်း ငါ ဟူသော အတ္တ မာန ၏ ခြေအစုံပေါ်ကို ရပ်၍ မောက်မာနေလျှင် မဖြစ်ပေ။
တစ်ဦး အမှားအယွင်းဖြစ်လျှင် တစ်ဦးမှ ဖေးမကူညီ စာနာပေးကြပြီး အချင်းချင်း နားလည်မှု အပြည့်အ၀ ပေးနိုင်ကြရမည်သာ ဖြစ်သည်။
ထိုတစ်ဦးမှလည်း လက်ခံနားလည်ပြီး အပြန်အလှန် ရိုသေ လေးစား တုန့်ပြန်နိုင်စွမ်း ရှိရမည် ဖြစ်သည်။
ပေါင်းကူး တံတားပမာ
ပရဟိ ပုဂ္ဂိုလ်များသည် အလှူရှင်နှင့် အလှူခံ ပုဂ္ဂိုလ် နှစ်ဦးကြားတွင်လည်း ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်ပေးရသေးသည်။
ပေါင်းကူးတံတား၏ တာဝန်သည် ကူးဖြတ်လိုသူများ အတွက်လည်း အနင်းခံ နေရာတွင်လည်း နေပေးရသည်။
ကူးဖြတ်လိုသူများ အောက်သို့ မကျအောင်လည်း ကာရံ တားဆီး ပေးထားရသေးသည်။
တံတားပေါ်တွင် အညစ်အကြေး စွန့်လိုက လက်ခံရသေးသည်။
ဆိုလိုသည်မှာ
အနင်းခံ ရသည် ဆိုရာဝယ် အများအကျိုး အတွက် အလုပ်လုပ်ရာတွင် မာန ဖယ်ရှားပြီး ကြံ့ကြံ့ခံ၍ စိတ်ဓာတ်အားတင်း ထားရသည်။
ကာရံတားဆီး ပေးရသည် ဆိုရာဝယ် အများအကျိုးအတွက် အန္တရာယ် မဖြစ်စေရန် ကာကွယ်ပေး၍ ကူညီပေးရသည်။
အညစ်အကြေး စွန့်လိုက လက်ခံပေးရသည် ဆိုရာဝယ် အများအကျိုးကို လုပ်ဆောင်ပေးရာတွင် တခြားသူများမှ ပြောဆိုသော အတင်း အဖျင်း စကားများကို သည်းခံ၍ ဒေါသကို ပယ် လစ်လျူရှုကာ အလုပ်လုပ်ကြရသည်။
မာန မထားခြင်း၊ မာနကို ပယ်ခြင်း၊ ဒေါသ မထားခြင်း၊ ဒေါသကို ပယ်ခြင်းဖြင့် ပရဟိတ အလုပ်လုပ်လျှင် အောင်မြင်သည်မှာ မှန်ကန်ကြောင်းကို ငြင်းချက်ထုတ်၍ မရနိုင်ပေ။
ထိုကြာင့် မာန မရှိခြင်း၊ ဒေါသမရှိခြင်းသည် အဖွဲ့အစည်းတိုင်း အောင်မြင်ခြင်း သော့ချက် တစ်ခု ဖြစ်သည်။
ပေါင်းကူး တံတားပမာ ကျင့်ဆောင်ရပေသည်။
အဖွဲ့ကို ဖျက်ဆီးသူ၊ ပျက်စီးစေသူ မည်သူနည်း?
မိသားစုကို ဖြစ်စေ၊ ဆွေမျိုးသားချင်း အသိုင်းအ၀ိုင်းကို ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို ဖြစ်စေ၊ အသင်းအဖွဲ့အစည်းများကို ဖြစ်စေ၊ မြို့ရွာ နိုင်ငံ ကမ္ဘာလောကကြီးကို ဖြစ်စေ ဖျက်ဆီးမည့်သူ၊ ပျက်စီးစေသူသည် မည်သူနည်း ဟု မေးလာခဲ့သည် ရှိသော် အဖြေအမျိုးမျိုး ပေးကြပေလိမ့်မည်။
ထိုထိုအကြောင်းအရာများကို ဖျက်ဆီးသူ၊ ပျက်စီးစေသူသည် ဟိုလူကြောင့်၊ ဒီလူကြောင့် ဟု လက်ညှိးထိုး နေလျှင် အချိန်ကုန်သွားမည်သာ အဖတ်တင်လိမ့်မည်။
အမှန်တကယ်တော့ ထိုထိုလူသားများ၏ စိတ်တွင် ရှိနေသော ဒေါသစိတ်ကြောင့် ပင် ဖြစ်သည်။
လောဘသည် သတ္တ၀ါ အချင်းချင်းကို ခင်မင်အောင်၊ တွယ်တာအောင် ပြုလုပ်သည်။ ချစ်ခြင်းတရားကိုလည်း ဆက်သွယ်ပေးသည်။ အချစ်ကို မွေးဖွားပေးသည်။ သံယောဇဉ်ကို ခိုင်မြဲစေသည်။ သက်မဲ့ ရုပ်ဝတ္တု ပစ္စည်းများကိုပင်လျွှင် လောဘသည် နှစ်သက်ခုံမင်စေတတ်သည်။
သို့သော် ဒေါသသည်ကား လောဘနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။ သတ္တ၀ါ အချင်းချင်းကိုလည်း အမုန်းတရားများ ဖြစ်အောင် ဖန်တီးသည်။ စိတ်ဝမ်းကွဲအောင် လှို့ဆော်သည်။ ပျက်စီးအောင် ကြံစည်သည်။ အချင်းချင်းလည်း သနားညှာတာမှု မရှိ။ အာဃာတ ရန်ငြိုးကိုလည်း ကိုင်စွဲထားလေသည်။
ဒေါသသည် သူတစ်ပါးအား အလိုဆိုးဖြင့် အပြစ်ပြောဆိုတတ်သည်။ မနာလို၊ ၀န်တိုစိတ်တို့ဖြင့်လည်း လွှမ်းမိုးနေစေသည်။
မြတ်စွာဘုရားသည် သူတစ်ပါးအား အပြစ်ပြောဆို ဆုံးမသော်လည်း စေတနာဆိုး၊ အလိုဆိုးဖြင့် အပြစ်ပြောခြင်းမျိုး မဟုတ်ချေ။ မေတ္တာဖြင့် ကောင်းစေချင်၊ ပြုပြင်စေချင်သည့် အပြစ်ပြ ဆုံးမခြင်း ဖြစ်သည်။ သို့သော် ဒေါသကြောင့် သူတစ်ပါးကို ပြောဆိုသော အပြစ်သည် အလိုဆိုးဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။
အလိုဆိုး ဒေါသစိတ် ဖြင့် အပြစ်ပြောနေလျှင် မကောင်းမြင်ဝါဒသာ လက်ကိုင်ထားသူ ဖြစ်တတ်ရကား ထိုသို့ မဖြစ်စေရန် များစွာ သတိချပ်သင့်ပေသည်။
လောဘ၊ ဒေါသ နှစ်ခု စလုံးသည် ဓမ္မအနေဖြင့် အကုသိုလ် ကိလေသာအုပ်စုတွင် ပါဝင်နေသော်လည်း အသင်းအဖွဲ့ကို ဖျက်ဆီးမည့်သူ၊ ပျက်စီးစေသူသည် ဒေါသမှန်း သိသာစေလိုသည့် အဖြေလိုရင်းသာ ဖြစ်သည်။
ထိုကြောင့် အသင်းအဖွဲ့ကို ဖျက်ဆီးသူ၊ ပျက်စီးစေသူသည် လူတို့၏ စိတ်တွင်ရှိနေသော ဒေါသပင် ဖြစ်ပေသည်။
ဓမ္မစကားဖြင့် မဟုတ်ဘဲ လောကီ စကားသက်သက်ဖြင့် သိသာထင်ရှားအောင် အလွယ်ပြောရလျှင်
လောဘသည် ချစ်ဖို့ကောင်း၏။
ဒေါသသည်ကား မုန်းဖို့ ကောင်းလေ၏။
အားသုံးအား ကို မွေးမြူပါ
မေတ္တာ အားကြီးလျှင် သူတစ်ပါးကို ချမ်းသာစေချင်သည်။ အေးချမ်းစေချင်သည်။ သူတစ်ပါး အကျိုးကို လိုလားသည်။
ကရုဏာ အားကြီးလျှင် သူတစ်ပါးကို အကူအညီ ပေးချင်သည်။ ဆင်းရဲတွင်းက လွတ်မြောက်စေချင်သည်။ ဒုက္ခမှ ကယ်တင်ပေးချင်သည်။
မုဒိတာ အားကြီးလျှင် သူတစ်ပါး၏ အကျိုးစီးပွား ဖြစ်ထွန်းနေခြင်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သည်။ မနာလို၊ ၀န်တိုစိတ် ကင်းသည်။
ထိုထိုအင်အား သုံးမျိုး အားကြီးနေပါက ပရဟိတ လုပ်ရန် စိတ်ထက်သန်လာမည် ဖြစ်သည်။ ဘုရားအလောင်းတော်တို့၏ စိတ်ဓာတ်ပင် ဖြစ်ပေသည်။
မေတ္တာသည် အေးချမ်းမှုကို ပေးသည်။
ကရုဏာသည် နွေးထွေးမှုကို ပေးသည်။
မုဒိတာသည် ကြည်နူးမှုကို ပေးသည်။
အဖွဲ့ဝင်တိုင်းသည် အေးချမ်းမှု၊ နွေးထွေးမှု၊ ကြည်နူးမှုတို့ဖြင့် လွှမ်းခြုံထားနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
ဆရာတော် သံဃာတော်၊ သီလရှင်များသည် ဘ၀ကို ရင်းနှီးပြီး အများအကျိုးအတွက် ပေးဆပ်နေကြသူများ ဖြစ်ကြသည်။ ထိုနည်းတူစွာ လူပုဂ္ဂိုလ်များမှလည်း ပေးဆပ်ခြင်းဖြင့် သာသနာပြုနေကြပေသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ အားများ မကြီးမားလျှင် စစ်မှန်သော ပရဟိတ လုပ်ရန် မည်သူမျှ မဖြစ်နိုင်ပေ။
ပရဟိတကို တကယ် လုပ်ဆောင်နေကြသူများသည် အပြောသမားများ မဟုတ်ကြချေ။ အားသုံးအားဖြင့် အလုပ်နှင့် လက်တွေ့ သက်သေ ပြနေကြသူများသာ ဖြစ်ကြသည်။ အားသုံးအားကို နှလုံးသားထဲတွင် ကိန်းအောင်းနေစေရန် ပရဟိတပုဂ္ဂိုလ်များသည် ကျင့်ကြံအားထုတ်ရသည်။ ပြုစုပျိုးထောင် မွေးမြူရပေသည်။
အဖွဲ့ဝင်တိုင်းသည် ဤအားသုံးအားဖြင့် အလုပ်လုပ်ကိုင်ကြလျှင် သာသနာတော် အတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပေမည်။
အတ္တဟိတ ကိုလည်း ကြိုးစားပါ
အများအကျိုးဟု ဆိုအပ်သော ပရဟိတကို ရေရှည်လုပ်ကိုင်သူများသည် အတ္တဟိတ ဆိုသော ကိုယ့်အကျိုးအတွက် ဖြည့်ဆည်းရေးကိုလည်း လျစ်လျူရှုထား၍ မရပေ။
မိမိမှာ ရေရှိမှ သူတစ်ပါးကို ရေပေးသောက်နိုင်သည်။
ထို့အတူပင် မိမိမှာ ငွေရှိမှသာ သူတစ်ပါးကိုလည်း မျှဝေ လှူဒါန်းပေးနိုင်မည်။ သို့အတွက် ပရဟိတ ပုဂ္ဂိုလ်များသည်လည်း မိမိတို့၏ ကြီးပွားချမ်းသာ အရေးကိုလည်း ဘ၀တွင် အဓိက နေရာ၌ ထည့်သွင်းစဉ်းစား၍ စီးပွားတိုးတက်အောင် ကြိုးစားကြရမည်။
မိမိတွင် ဘာမှမရှိဘဲနှင့် သူတစ်ပါးကို ပေးကမ်းချင်နေ၍ လက်တွေ့ မဖြစ်နိုင်ပေ။ ဘုရားဆု ပန်ထားသော ဘုရားအလောင်းတော် မဟုတ်ဘဲနှင့် ပိုင်ဆိုင်သော ငွေကြေး ဥစ္စာ ပစ္စည်းများ အားလုံးကို ပုံအော လှူဒါန်းရန် အတွက်လည်း သဘာဝမကျနိုင်ပေ။
အတ္တနှင့် ပရ မျှတမှသာ သဘာဝကျသည့် လုပ်ငန်းစဉ် ဖြစ်ပေမည်။
အစွန်းရောက်သည့် ကျင့်စဉ်သည် ဓမ္မလမ်းကြောင်းမှန်ပေါ် ရောက်ရန်ကား ခဲယဉ်းတတ်သည်။ မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်သာလျှင် မှန်ကန်သော လမ်းစဉ်၊ မှန်ကန်သော ကျင့်စဉ် ဖြစ်သည်။
လောဘ မရှိဘဲနှင့်လည်း ပစ္စည်းဥစ္စာကို ရှာဖွေ၍ မရနိုင်ချေ။ ၀ိသမ လောဘ မဟုတ်သော်လည်း ၀ီရိယ အားထုတ်လျှက် သမလောဘနှင့် ကြိုးစား ရှာဖွေကြရမည် ဖြစ်သည်။ ပရဟိတ ပုဂ္ဂိုလ်များသည် စီးပွားရှာနေသော အခါ အတ္တဟိတ လောဘနှင့် ရှာဖွေနေခြင်း ဖြစ်သော်လည်း
ပရဟိတ အလောဘ အတွက်သာ ရှာဖွေနေခြင်း ဖြစ်သောကြောင့် စီးပွားရှာရင်း ကုသိုလ်လမ်းကို လျှောက်နေပါသည်။
ထိုကြောင့် အတ္တဟိတနှင့် ပရဟိတ တို့ကို သင့်တင့်မျှတအောင် နှလုံးသွင်းရင်း လုပ်ကိုင်ကြရမည် ဖြစ်သည်။
ပါရမီ ဖြည့်ဖက် ဖြစ်ပါစေ
ပါရမီ ဖြည့်ဖက် ဟု ပြောလိုက်လျှင် အများစုသည် ခင်ပွန်း၊ ဇနီး အကြင်လင်မယားဘ၀ တို့ကိုသာ ထင်မြင်တတ်ကြသည်။
အမှန်စင်စစ် ပါရမီ ဖြည့်ဖက် ဆိုသည်မှာ တစ်ဦးပြုလုပ်သော ကောင်းမှုကုသိုလ်ကို ကျန်သည့် တစ်ဦးက ပံ့ပိုးကူညီပေးခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ပရဟိတ အဖွဲ့အစည်းများတွင် ရှိသော ပုဂ္ဂိုလ်များသည်လည်း တစ်ဦးနှင့် တစ်ဦး ကောင်းမှုကုသိုလ် ပြုလုပ်ကြရ၌ အပြန်အလှန် ပံ့ပိုးကူညီ ပေးနေကြခြင်းသည် ပါရမီ ဖြည့်ပေးနေကြခြင်း ဖြစ်သည်။
မိမိတို့ ပရဟိတအဖွဲ့တွင် ငွေအား၊ လူအား၊ အချိန်အား၊ စွမ်းအား များစွာတို့ကို ပါဝင်ကူညီ ဆောင်ရွက် ပေးနေကြသူများသည် ပါရမီ ဖြည့်ဖက်များသာ ဖြစ်သည် ဟုဆိုလျှင် မှားမည် မဟုတ်ချေ။
ပါရမီ ဖြည့်ဖက်တို့ မည်သည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျေးဇူးသိတတ်ရသည်၊ ကျေးဇူးပြုတတ်ရသည်။ အခက်အခဲ၊ အတားအဆီး မည်မျှပင် ရှိနေစေကာမူ အေးအတူ ပူအမျှ ချစ်ချစ်ခင်ခင် ယှဉ်တွဲ ရှိနေကြရသည်။ ဖြစ်ပေါ်လာသည့် ကိစ္စ အ၀၀အား စိတ်ရှည်သည်းခံပြီး တိုင်ပင် ဖြေရှင်းပေးကြရသည်။ ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ တစ်ဦးကို တစ်ဦး ဖေးမကူညီ ဆောင်ကျဉ်းပေးကြရသည်။
သို့မှသာ ပါရမီ ဖြည့်ဖက် အစစ် ဖြစ်မည် မဟုတ်လော။
ဤသို့အားဖြင့် တစ်ဦးကို တစ်ဦးပါရမီ ဖြည့်ကြရင်း အဖွဲ့အစည်း၏ သာသနာပြု လုပ်ငန်းများ ပိုမို အောင်မြင်လာမည်ဟု မြေကြီး လက်ခတ်မလွဲ ပြောနိုင်သည်။
ထိုကြောင့် စစ်မှန်သော ပါရမီ ဖြည့်ဖက်များ ဖြစ်ကြစေရန်လည်း အထူး တိုက်တွန်းလိုသည်။
နည်းနည်းပဲ ချစ်၊ ကြာကြာတော့ ချစ်ပါ။
ငယ်ငယ်ကတည်းက ကြားဖူးသည့် စာကြောင်း တစ်ခု ရှိသည်။
Love me little, Love me long.
ငါ့ကို နည်းနည်းပဲ ချစ်ပါ။ ငါ့ကို ကြာကြာတော့ ချစ်ပါ။
ဤစားသား အဓိပ္ပာယ်ကို အခြေပြု၍ မိမိတို့ ပရဟိတအဖွဲ့တွင် စွမ်းဆောင်နိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ပြီး သာသနာတော် အတွက် ပေးဆပ်ခြင်းမှာ ပျော်မွေ့နေကြသော ပုဂ္ဂိုလ်အားလုံးတို့ကို နိဂုံးချုပ်အားဖြင့် နှုတ်ခွန်းခြွေလိုသည်မှာ
အဖွဲ့အတွက် အားလုံးကို စွန့်လွှတ်၍ မြောက်များစွာ လုပ်ဆောင်ပေးရန် မလိုပေ။
မိမိတို့ စွမ်းဆောင်နိုင်ရာကို အနည်းငယ်မျှကို သော်လည်းကောင်း အင်တိုက်အားတိုက် ကူညီပေးပြီး ရေရှည်အတွက် အချိန်ကြာမြင့်စွာ အရှိန်ကောင်းကောင်း ရှိနေစေရန် ၀ိုင်းဝန်းကူညီ ကြစေလိုကြောင်း တိုက်တွန်းလိုသည်မှာ အမှန်ပင်ဖြစ်သည်။
အင်အားများစွာကို စုစည်းပြီး အနာဂတ် သာသနာတော် အတွက် ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ ပြုစုပျိုးထောင်ရမည်၊ လက်ဆင့်ကမ်းပေးရမည်၊ ဖြန့်ဖြူးပေးရမည် စသည်စသည်တို့မှာ အဖွဲ့ဝင်များ အားလုံး၏ တာဝန် ၀တ္တရားပင် မဟုတ်ပါလော။
ရယူခြင်းမှာ ပျော်မွေ့သူတို့သည် ၄င်းတို့ ရှာဖွေထားသည့် ငွေကြေး၊ ဥစ္စာတို့ကို ထိုသူတို့အတွက်သာလျှင် ကာမဂုဏ်မှာ အသုံးချကြသည်။
ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့သည် ၄င်းတို့ ရှာဖွေထားသည့် ငွေကြေး များကို အများသူငှာအတွက် အကျိုးငှာ မျှဝေ လှူဒါန်းလေ့ ရှိကြသည်။
ထိုကြောင့် မိမိတို့ အဖွဲ့၏ ဆောင်ပုဒ် ဖြစ်သော
“သူတော်ကောင်းတို့မည်သည် ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြလေကုန်၏”
ဆိုလျှင် မှားမည် မဟုတ်ပေ။
အဖွဲ့ဝင်များအားလုံးသည်
“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့ ကို အများကြီး မချစ်နိုင်သော်လည်း နည်းနည်းပဲ ချစ်ပါ။
သို့သော် ကြာကြာ ချစ်ပါ ဟု ပြောကြားရင်း ကျေးဇူးတင် ၀မ်းမြောက်စကား ဆိုခြင်းဖြင့် မေတ္တာ အနန္တ ပို့သလျှက် နိဂုံးချုပ်လိုက်ရပေတော့သည်။
ပေးဆပ်ခြင်းမှာ ပျော်မွေ့ရင်းဖြင့် သူတော်ကောင်းများ ဖြစ်နိုင်ကြပေါစေ……
ပေးဆပ်ခြင်းမှာ ပျော်မွေ့ရင်း သာသနာ့ တာဝန်များကိုလည်း ဆထက်တိုးလို့ ထမ်းဆောင်ပေးနိုင်ကြပါစေ.....
အရှင်ဉာဏဒီပ
(အဖွဲ့၏ ဦးဆောင်နာယက ဆရာတော်)
No comments:
Post a Comment