>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

မေတ္တာစိတ်ထားနှင့် ပရဟိတ.....

မေတ္တာ၏ သဘောသည် သတ္တဝါတို့၏ အကျိုးစီးပွား၊ သူတစ်ပါးတို့၏ အကျိုးစီးပွားတို့ကို ရှေးရှုပေသည်။ သူတစ်ပါးတို့၏ အကျိုးစီးပွားဟူသော စကားရပ်တွင် သူတစ်ပါးသည် ‘ပရ’၊ အကျိုးစီးပွားသည် ‘ဟိတ’။ ထိုစကားရပ် နှစ်ခုကို ပေါင်းလိုက်လျှင် ပရဟိတပင် ဖြစ်လေသည်။ 

မေတ္တာစိတ်သည် ပရဟိတ စိတ်ထားပင် ဖြစ်သည်။

မေတ္တာစိတ်ကို တဏှာပေမဖြင့် ရောနှော တိုင်းတာ၍ မရပေ။ တဏှာသည် မိမိအကျိုးကို ကြည့်တတ်သောကြောင့်ပင်တည်း။ 

တဏှာသည် စေးကပ်တတ်သည့် သဘောရှိသည်။ မေတ္တာသည် စေးကပ်ခြင်း မရှိ။ ယှဉ်လျှက်နေသည့် သဘောရှိသည်။

သူတစ်ပါးအကျိုး ဆောင်ရွက်ပေးသည် ဆိုရာတွင် ကာယကံ၊ ဝစီကံ၊ မနောကံ အစရှိသည့် ကံသုံးပါး ပါဝင်လာပေသည်။
တချို့သည် မနောကံမေတ္တာဖြင့် စိတ်ထဲမှ မေတ္တာပို့ကြသည်။ 
တချို့သည် ဝစီကံမေတ္တာဖြင့် ပြောဆို ကူညီကြသည်။ 
တချို့သည် ကာယကံမေတ္တာဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကူညီကြသည်။

ကံသုံးပါးသည် စိတ်မှ ဦးစီး၍ ဖြစ်လာရသည် ဖြစ်သော်လည်း ထိုမေတ္တာကံ သုံးမျိုးတွင် မနောကံမေတ္တာထက် ဝစီကံမေတ္တာက သာ၍ ကောင်းသည်။ ဝစီကံမေတ္တာထက် ကာယကံမေတ္တာက ပို၍ ထိရောက်ပြီး အကျိုးများလေသည်။

ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကုညီဆောင်ရွက်ပေးသည့် ကာယကံမေတ္တာသာလျှင် ပရဟိတ ပုဂ္ဂိုလ်များအတွက် အဓိပ္ပာယ် အရှိဆုံး၊ တန်ဖိုးအရှိဆုံး၊ အမှန်ကန်ဆုံး ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော သူတစ်ပါးအကျိုးအတွက် လုပ်ဆောင်ရာတွင် စိတ်နဲ့ချည်း ဆုတောင်းပေးနေလို့ မရ၊ နှုတ်နဲ့ချည်း ပြောနေရုံနဲ့ မပြီး၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှသာလျှင် ပြီစီးနိုင်မည် ဖြစ်သည်။

ထိုကြောင့် 
“ဆုတောင်းပေးနေသော နှုတ်ခမ်းများထက် ပေးကမ်းကူညီနေသော လက်များက ပို၍ တန်ဖိုးရှိသည်” 
ဆိုသည့် စကားသည် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ကိုယ်ကိုယ်တိုင်က ငွေအား အလှူပါဝင်ခြင်းဖြင့် သော်လည်းကောင်း၊ လူအား လုပ်အား ပါဝင်ခြင်းဖြင့် သော်လည်းကောင်း မေတ္တာဖြင့်ပေးဆပ်ရင်း လုပ်ကိုင်မှသာ ပရဟိတစစ်စစ် ဖြစ်ပေမည်။

မေတ္တာစွမ်းအားတို့ဖြင့် ပရဟိတစစ်စစ် ပုဂ္ဂိုလ်များ ဤလောကကြီးတွင် များစွာ ပေါ်ထွန်းလာကြလျှင် ပူပင်ဒုက္ခများဖြင့် ပြည့်နှက်နေသော လောကကြီးသည်လည်း အေးချမ်းသာယာသော လောကကြီး အသွင်သို့ ပြောင်းလဲလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပေတော့မည်။


အရှင်ဉာဏဒီပ 
(“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိအဖွဲ့)

No comments:

Post a Comment