>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

ကရုဏာစိတ်ထားနှင့် ပရဟိတ…..

ကရုဏာ၏ သဘောသည် သတ္တဝါတို့အပေါ်၊ သူတစ်ပါးတို့အပေါ် သနားကြင်နာခြင်းနှင့်အတူ မိမိကိုယ်နှင့် နှိုင်းယှဉ်၍ စာနာညှာတာ ပေးတတ်သည့် သဘောပင် ဖြစ်သည်။

ကရုဏာသည် ညှင်းဆဲမှု ရက်စက်ကြမ်းကျုတ်မှုတို့မှ ကင်းလွတ်သော ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံထားသည်။ သူတစ်ပါးတို့ကို ဒုက္ခမှ လွတ်ကင်းသွားအောင် ကူညီဖေးမ ဆောင်ကြဉ်းပေးသည်။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခ မဖြစ်စေလိုသကဲ့သို့ သူတစ်ပါးတို့ကိုလည်း ဆင်းရဲဒုက္ခ မဖြစ်စေလိုပေ။

ကရုဏာစိတ်ထားသည် သူတစ်ပါး အကျိုးစီးပွား မပျက်စီးစေလိုသော သဘောရှိသည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မကြည့်ရက်။ ဆင်းရဲဒုက္ခမှ ကယ်တင်ပေးလိုသည့် စိတ်ထား ဖြစ်သည်။

သနားညှာတာမှု ကရုဏာစိတ်ထား ကင်းမဲ့သူများသည် စိတ်ဆိုး၊ စိတ်မိုက်၊ စိတ်ရိုင်းများဖြင့် သူတစ်ပါးတို့၏ အသက်ခန္ဓာကို သေကြေပျက်စီးရန် သတ်ဖြတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့ကို လုယက်ဖျက်စီးရန်လည်း စိတ်ထားယုတ်ညံ့ကြသည်။

ကရုဏာတရားဖြင့် ပရဟိတပုဂ္ဂိုလ်များတွင် ရက်စက်ကြမ်းကျုတ်သော ထိုကဲ့သို့ စိတ်ထားမျိုး မရှိ။ သူတစ်ပါးကိုပင် ကူညီ ကယ်တင်ချင်သည့် စိတ်ထားသာ ရှိသည်။ တိုကြောင့်ပင်လျှင် ပရဟိတ လုပ်ကိုင်နေသူများသည် ငွေအား၊ လူအား၊ အချိန်အား၊ လုပ်အား မြောက်များစွာကို ပေးဆပ်ရင်း အလုပ်လုပ်ကြသည်။

ကရုဏာအား ကြီးမားလာသောအခါ မိမိကိုယ်တိုင် အပင်ပန်းခံကာ သူတစ်ပါး အကျိုးကို ဆောင်ရွက်ပေးသည်။ မြတ်စွာဘုရားရှင်သည် သတ္တဝါများ အပေါ် သနားကြင်နာသည့် ကရုဏာ အားကြီးမားလွန်းသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီများ ဖြည့်ကျင့်ခဲ့ပြီး သဗ္ဗညုတဉာဏ်တော်ကြီး ရအောင် ကျင့်ကြံ အားထုတ်ခဲ့သည်။

ဘုရားဖြစ်လာသောအခါ သတ္တဝါများကို နေ့မအား၊ ညမအား သံသရာ ဆင်းရဲတွင်းထဲမှ ကယ်တင်ခဲ့သည်။ ထိုကြောင့်ပင်လျှင် မြတ်စွာဘုရားရှင်ကို ‘မဟာကရုဏာတော် အရှင်သူမြတ်’ ဟု အမွှမ်းတင် ရေးဖွဲ့ဆိုသည်မှာ အဘယ်မှာ မှားနိုင်အံ့နည်း။

သနားကြင်နာသော ကရုဏာစိတ်ထား မရှိလျှင် ပရဟိတ အလုပ် လုပ်ရန် မဖြစ်နိုင်ပေ။

လဲကျနေသူကို မြင်လျှင် စိတ်ထဲကပင် သနားနေ၍ အလုပ်မဖြစ်။
သနားပါတယ် ဟု နှုတ်ကပဲ ရွတ်ဆိုနေလျှင်လည်း အရွတ်သာ ရှိမည်။
မိမိကိုယ်တိုင်၏ လက်များကပင် လဲကျနေသူကို ဖေးမထူတင် ပေးရမည်။
သို့မှသာ ကရုဏာစိတ်ထားမှ ဖြစ်ပေါ်လာသော ပရဟိတစစ်စစ်ပင် ဖြစ်သည်။

ထိုကြောင့်
“လဲနေသူ ထူပေးပါ။ အားငယ်သူ အားပေးပါ”
ဟူသော စကားလုံးများသည် ကရုဏာစိတ်ထား ရှိသူများအတွက် အနှစ်သာရ ပြည့်ဝသော ရွှေစကားလုံးလေးများ ဖြစ်သည်ဟု မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပေ။

ငတ်မွတ် ဆာလောင်နေသော လောကကြီးကို မိမိတတ်စွမ်းသော ငွေအား၊ လူအားဖြင့် ဖေးမကူညီခြင်း မရှိဘဲ မသိကျိုးကျွန် ပြုနေသောသူ၊ ကရုဏာတရား ကင်းမဲ့နေသောသူကို လူဟုပင် ပညတ်ဖို့ရန် စကားလုံး ခက်ခဲနေပေသည်။

ကရုဏာစိတ်ထားများဖြင့် အများအကျိုး ပရဟိတ လုပ်ငန်းများတွင် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီခြင်းဖြင့် လောကကြီးကို အလှဆင်ကြရမည်မှာ ကျွန်ုပ်တို့၏ မွေးရာပါ အသိတရားများ ဖြစ်နေရမည် မဟုတ်ပါလော…..


အရှင်ဉာဏဒီပ
“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့

No comments:

Post a Comment