>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

ဩ၀ါဒကထာ (၁)

ဘုန်းဘုန်းတို့ရဲ့  "ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့ မှာ  သာသနာတော် အတွက် ကိုယ်ကျိုးစွန့်ကာ အချိန်အား၊ ငွေအား၊ လူအား ပေးဆပ်ရင်း ကူညီဆောင်ရွက်ပေးနေကြတဲ့ ဓမ္မမိတ်ဆွေတွေ အချင်းချင်း ဆက်သွယ်မှု အဆင်ပြေအောင် အဖွဲ့ ကို ကူညီဆောင်ရွက်ပေးနေကြတဲ့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် မေးလ် အကောင့်တွေကို ဘုန်းဘုန်း ရေးပေးလိုက်ပါတယ်။

အဖွဲ့သားတွေ အားလုံး ကွန်ယက် ချိတ်ဆက်ပြီး အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကို မေးမြန်းလို့ ရအောင်ပါ။

အမှန်တော့ ဘုန်းဘုန်းတို့ အဖွဲ့သားတွေမှာ တစ်ဦးနဲ့ တစ်ဦး မြင်ဖူးသူတွေလည်း ဖြစ်ချင် ဖြစ်မယ်။ မမြင်ဖူးသူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ရုပ်တွေကို မမြင်ဖူးပေမဲ့ စိတ်တွေကိုတော့ လှမ်းကြည့်လို့ ရနေပါတယ်။ တူနေတာ တစ်ခုကတော့ အများအကျိုးအတွက် ဆောင်ရွက်ပေးလိုတဲ့ စိတ်ဓာတ်၊ အချင်းချင်း ယုံကြည်မှုနဲ့  မြတ်စွာဘုရားကို ကြည်ညိုတဲ့ သဒ္ဓါအားပါပဲ။ တစ်ဦးနဲ့ တစ်ဦး မမြင်ဖူး၊ မတွေ့ဖူးဘဲနဲ့လည်း လှူဒါန်းရင်း စုပေါင်းကုသိုလ် လုပ်နေကြတာဟာ အားလုံးမှာ တူညီနေကြတဲ့ စိတ်ဓာတ်၊ ယုံကြည်မှုနဲ့ သဒ္ဓါအားကြောင့်ဆိုရင် ဘယ်လိုမှ မမှားနိုင်ဘူးလေ။

အဖွဲ့သားတွေ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးမှု ရရှိပြီး စိတ်အေးချမ်းမှုနဲ့ အလုပ်အတူတူ လုပ်ကိုင်နိုင်တာကလည်း ရိုင်းပင်းကူညီမှု၊ ဖေးမမှု၊ ပြုပြင်ပေးမှု၊ ခွင့်လွှတ်တတ်မှု၊ သည်းခံမှု၊ ယုံကြည်မှု၊ နားလည်ပေးနိုင်မှု အစရှိတဲ့ မေတ္တာစစ်ရဲ့ အခြေခံ ကောင်းတွေကြောင့်ပဲ ဖြစ်တယ်။

မြန်မာပြည်မှာ လိုအပ်နေတဲ့ ပညာရေး အထောက်အပံ့တစ်ခုကို ဖြည့်ဆည်းပေးလိုတဲ့ စိတ်ဆန္ဒဟာ ဘုန်းဘုန်းမှာ ရှိနေခဲ့တာ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက ဘုန်းတော်ကြီးသင် ပညာကျောင်း တစ်ကျောင်းကို တနင်္သာရီတိုင်း၊ မြိတ်မြို့ရဲ့ မြို့ပြင် ဆင်းရဲသား ရပ်ကွက် တစ်နေရာမှာ ဆရာတော်တစ်ပါးနဲ့ ပူးပေါင်းပြီး အောင်မြင်အောင် ဘုန်းဘုန်း လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ အခုဆိုရင် အဲဒီ ဘ/က ကျာင်းဟာ အတော်အတန် အောင်မြင်မှု ရနေပြီး ကိုယ့်သာသနာတော် အတွက်၊ ကိုယ့်နိုင်ငံတော် ကိုယ့်လူမျိုး အတွက် ဆင်းရဲနွမ်းပါးသူများကို ပညာရေး အထောက်အပံ့တွေ ပေးနေနိုင်ပါပြီ။ သာသနာ့ အမာခံ ခေတ်ပညာတတ် လူငယ်များစွာကို မွေးထုတ်ပေးနေနိုင်ခဲ့ပါပြီ။ ပေးဆပ်ခဲ့မှုတွေရဲ့ အကျိုးရလဒ်တွေ ပဲပေါ့။

ဒါပေမဲ့ ဘုန်းဘုန်းက မြို့တစ်မြို့တည်းမှာ လုပ်ပေးနိုင်တာကို အားမရဘဲ  မြန်မာနိုင်ငံ အတိုင်းအတာနဲ့ လိုအပ်ချက် ရှိနေသေးတဲ့ နေရာတွေကိုလည်း ကူညီဆောင်ရွက်ပေးချင်တယ်။ ဒါကြောင့် "ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့ ကို  ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကဘုန်းဘုန်း ဦးဆောင်ပြီး
စတင်ခဲ့တယ်။

ဦးဆောင်မှု တစ်ခုတည်းနဲ့ လုံလောက် သလား ဆိုတော့ မဟုတ်သေးဘူး။ ကူညီဆောင်ရွက်ပေးကြတဲ့ လူအင်အား၊ ငွေအင်အား ဆိုတာလည်း လိုအပ်လာတယ်။ ဘုန်းဘုန်းရဲ့ ဦးဆောင်မှုနဲ့အတူ အဖွဲ့သားတွေရဲ့ အင်အားကြောင့်လည်း ဒီအဖွဲ့လေးက ဖြစ်လာရတာပါ။ အားလုံးဟာ ကိုယ်စီကိုယ်စီ တန်ဖိုးရှိကြတဲ့ သူတွေချည်းပါပဲ။ သူ့နေရာနဲ့သူ အားကိုးရတဲ့ သူတွေချည်းပါပဲ။

ဒီအဖွဲ့လေးကို ရေရှည်တည်တံ့နေဖို့ကတော့ website စာမျက်နှာမှာ ဘုန်းဘုန်း ရေးပေးထားတဲ့ "ပရဟိပုဂ္ဂိုလ်များတွင် ထားရှိကြရမည့် စိတ်ထား၊ သဘောထားများ" ဆိုတဲ့ အချက် (၂၅) ချက်ကို ကျင့်ကြံနိုင်ရင် ဖြစ်ပါတယ်။ အဲဒီ အချက်တွေဟာ ဘုန်းဘုန်းရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးပေးထားတာပါ။ အဖွဲ့သားတွေ အားလုံးလည်း လေးလေးနက်နက် ဖတ်ကြည့်ပြီး သင့်တင့်အောင် နှလုံးသွင်းနိုင်ပြီးပြီ လို့ ဘုန်းဘုန်း ယူဆပါတယ်။

ဘုန်းဘုန်းလည်း ဒီဘ၀ ဒီခန္ဓာ တည်မြဲနေတဲ့ အချိန်ထိ ပေးဆပ်ရင်း အလုပ်လုပ်သွားမှာပါ။ ဘုန်းဘုန်းရဲ့ ခန္ဓာ အသက် ၀ိညာဏ် မလှုပ်ရှား မရှင်သန်နိုင်တော့တဲ့ အချိန်ထိ ဒီဘ၀အတွက် သာသနာ့ တာဝန်တွေ စွမ်းနိုင်သမျှ ကျေပွန်အောင် ထမ်းဆောင်ခဲ့မှာပါ။ ဘုန်းဘုန်းတို့ရဲ့ ဘ၀ ကို သာသနာတော် အတွက် လှူဒါန်းထားပြီးသားပဲလေ။

မြတ်ဗုဒ္ဓ တည်ထောင်ခဲ့တဲ့ သာသနာဟာ ရှေးဆရာတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် သာသနာတော်ရဲ့ အသီးအပွင့်တွေကို ဘုန်းဘုန်းတို့ အခု စားသုံးနေကြရတာပေါ့။ မြတ်ဗုဒ္ဓနဲ့ ဆရာတော်ကြီးတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အနာဂတ် သာသနာကို ၀ိုင်းဝန်း စောင့်ရှောက် ကြရမှာက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်ပဲ မဟုတ်လား။ အနာဂတ် သာသနာတော် အတွက် မျိုးစေ့တွေ ချ စိုက်ပျိုးကြရမယ်လေ။

အဖွဲ့သားတွေ အားလုံးလည်း အလုပ်တွေ မအားလပ်တဲ့ ကြားက တတ်စွမ်းတဲ့ တစ်ထောင့်တစ်နေရာကနေ လူအား၊ ငွေအား ပါဝင်ကူညီပေးနေကြတာကိုပဲ ဘုန်းဘုန်းက ကျေးဇူးတင် လေးစား ဂုဏ်ယူနေမိတာ အမှန်ပါပဲ။ ပိုပြီး လေးစားမိတာက ဘုန်းဘုန်းအဖွဲ့ စဖွဲ့တာနဲ့ ကူညီဆောင်ရွက်ပေးမယ့် သူတွေကလည်း သူတို့ရဲ့ စိတ်ဆန္ဒအလျှောက် ပါဝင်လာကြတယ်။ အလှူရှင်တွေကလည်း သူတို့ရဲ့ ဒါန ပါရမီအားနဲ့ တတ်နိုင်သမျှ ပါဝင် လှူဒါန်းကြတယ်။ ထူးခြားတာက ဘုန်းဘုန်းကနေ အတင်းအဓမ္မ အကူအညီတောင်းလို့ လုပ်ကြရတဲ့ ပုဂ္ဂိုလ်တွေ တစ်ဦးတစ်လေမှ မပါဝင်တာပါပဲ။

အဘိဓမ္မာတရားတော်မှာ မြတ်ဗုဒ္ဓ ဟောကြားထားတာလေးရှိတယ်။ အသင်္ခါရိကစိတ် နဲ့ သသင်္ခါရိကစိတ် နှစ်ခုပါ။ အသင်္ခါရိက ဆိုတာ သူတစ်ပါးက တိုက်တွန်းမှု မရှိဘဲ ဖြစ်တာ။ သသင်္ခါရိက ဆိုတာ သူတစ်ပါးက တိုက်တွန်းမှုကြောင့် ဖြစ်ရတာ။

အဲဒီတော့ ဘုန်းဘုန်းတို့ ပရဟိတ အဖွဲ့မှာ ပါဝင်တဲ့သူတွေဟာ မိမိစိတ်ဆန္ဒကြောင့် ၀ိုင်းဝန်း ကူညီ လုပ်ဆောင် လှူဒါန်းနေကြတာ ထင်ရှားတယ်။ အဲဒါဟာ အသင်္ခါရိကစိတ် ပါပဲ။ ကုသိုလ် ပိုပြီး ထူးပါတယ်။
အဖွဲ့သားတွေ အားလုံး မိမိတို့ လုပ်တဲ့ ကုသိုလ်ဟာ သာမာန်ထက် ပိုပြီး ထူးနေတယ် ဆိုတာလေးကို သိစေချင်လို့ ဘုန်းဘုန်းက ပြောပြတာပါ။

ကဲ... အဖွဲ့သားတွေအတွက် သြ၀ါဒကထာလည်း နည်းနည်းရှည်သွားပြီ။ ဘုန်းဘုန်း ထပ်မှာချင်တာကတော့

(၁) အများအကျိုးအတွက်-စိတ်ဓာတ်၊
(၂) အချင်းချင်း-ယုံကြည်မှုနဲ့
(၃) မြတ်ဗုဒ္ဓကို ကြည်ညိုမှု-သဒ္ဓါအား

အဲဒီ အချက်တွေနဲ့ အတူ အဖွဲ့သားတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ စည်းကမ်းတကျ ၀ိုင်းဝန်းပြီး  သာသနာတော် အတွက် အလုပ်လုပ်သွားစေချင်ပါတယ်။

သံသရာခရီးသည်တွေ ဖြစ်ကြတဲ့ ဘုန်းဘုန်းနဲ့အတူ အဖွဲ့သားတွေ အားလုံး .....

ရုပ်နဲ့ နာမ် လှုပ်ရှား အသက်ရှင်စဉ်မှာ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ရင်း ပေးဆပ်ခြင်းနဲ့ ပျော်မွေ့ကြကာ နိဗ္ဗာန်ကို အတူတူ လျှောက်လှမ်းနိုင်ကြပါစေလို့ ဘုန်းဘုန်း ဆုတောင်းပေးလိုက်ပါတယ်.....

သာဓု... သာဓု... သာဓု.........
                                                                                    အရှင်ဉာဏဒီပ (ဓမ္မရတနာ)
                                                                      (အဖွဲ့၏ ဦးဆောင်နာယက ဆရာတော်)


ဗုဒ္ဓကမ္ဘာ ဆိုက်တွင် ရှိသော အဖွဲ့၏ စာမျက်နှာ -

No comments:

Post a Comment